Fwd: Khitpyaing update 14/10/2010

Burma Campaign Japan | 5:12 AM | 0 comments




Khitpyaing update 14/10/2010

မဲမပေးဘဲ နေနိုင်ခွင့်ရှိကြောင်း စာရွက်များ ရန်ကုန်မြို့တွင်း ပြန့်နေ

ရွေးကောက်ပွဲအတွက် ကြိုတင်မဲကို အတင်းပေးခိုင်း၍မရကြောင်း၊ ပြည်သူတယောက်သည် မဲမပေးလိုပါက မဲမပေးဘဲ နေနိုင်ကြောင်း ရေးသားထားသည့် စာများနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံပါသည့် လက်ကမ်းကြော်ငြာစာများ ရန်ကုန်တွင် ဖြန့်ဝေနေသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။

ရန်ကုန်မြို့တွင်း ကျောက်တံတားမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ လသာမြို့နယ်တို့တွင် ယင်းသို့စာရွက်များ ဖြန့်ဝေနေခြင်းဖြစ်ကြောင်း ကျောက်တံတားမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။

"မနေ့က ကျနော်တို့ ဆိပ်ကမ်းသာလမ်းမှာ ဝေသွားတာပဲ။ ဘယ်သူဝေတယ် ဆိုတာ မသိပေမယ့် ဝေသွားတဲ့စာရွက်မှာ ဒေါ်စုပုံပါတယ်။ ကျနော်တို့လည်း ဒေါ်စုပုံပါတာတွေ့တော့ လိုက်တောင်းတာပေါ့။ ကျနော်တို့ ဒေါ်စုပုံ မတွေ့ရတာ ကြာပြီလေ" ဟု ကျောက်တံတားမြို့နယ် (၉) ရပ်ကွက်တွင် နေထိုင်သူတဦးက ပြောသည်။

အဆိုပါစာရွက်တွင် "ရွေးကောက်ပွဲဥပဒေနှင့် ဆန့်ကျင်ပြီး မသမာမှုတွေ့ရှိရင် ပြည်သူတွေအနေနဲ့ ရဲစခန်းကို တိုင်ရမယ်" ဟု ဒေါ်အောင်ဆန်းစုကြည် ပြောထားသည့် ရက်စွဲနှင့်တကွ ဖော်ပြထားသည်။

စာရွက်များဝေသူသည် မည်သူမည်ဝါဟု အတိအကျမသိရသော်လည်း စာရွက်ဝေသွားသည်ကို တွေ့လိုက်ရကြောင်း ကြံ့ဖွံ့ပါတီဝင်တဦးက ပြောသည်။

"စာရွက်ဝေတာတွေ့တယ်။ ကျနော်က ကြံ့ဖွံ့ပါတီဝင်ဖြစ်ပေမယ့် ပြည်သူတယောက်ပဲလေ။ ပြည်သူဆိုတာ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရရမယ်လေ။ ဒါကြောင့် ကျနော်လည်း ယူထားလိုက်တယ်" ဟု ပန်းဘဲတန်းမြို့နယ်နေ ကြံ့ဖွံ့ပါတီဝင် ဘွဲ့ရလူငယ်တဦးက ပြောသည်။

တပ်မိသားစုများထံမှ မဲရရှိရေး ကစထမှူးများ တာဝန်ယူထား

လာမည့်နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲမတိုင်မီကာလနှင့် ရွေးကောက်ပွဲကာလအတွင်း တပ်တွင်း အုပ်ချုပ်မှုလျော့နည်းသည့် ပြဿနာများ မဖြစ်ရေးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား တပ်မိသားစုဝင်များက မဲထည့်သွားရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) များက ၎င်းတို့ သက်ဆိုင်ရာ စစ်တိုင်းများအလိုက် တာဝန်ယူလုပ်ဆောင်နေသည်။

မကြာသေးမီလပိုင်းက ပဲခူးနှင့်ရန်ကုန်ရှိ တပ်မအချို့တွင် ဖြစ်ပွားခဲ့သည့် တပ်သားများ၏ အပ်နှံထားသည့်စုငွေများ ပြန်လည်ရရှိရေး အာဏာဖီဆန်တောင်းဆိုမှု ကိစ္စမျိုးအပါအ၀င် အုပ်ချုပ်ရေးလျော့နည်းမှုကြောင့် ပြဿနာများမဖြစ်ရန် ကစထ (၁) မှူး ဗိုလ်ချုပ် မြင့်စိုး ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း နယ်လှည့်ကွင်းဆင်းခဲ့သည်ဟု စစ်တပ်နှင့် နီးစပ်သူ ဗန်းမော်ဒေသခံ စစ်မှုထမ်းဟောင်းတဦးက ပြောသည်။

၎င်းက "ကစထမှူးက မြစ်ကြီးနားကနေ ဗန်မော်ရောက်လာတာ၊ တပ်မှာ (၉) ရက်နေ့မှာ လာအိပ်သွားတယ်။ လွယ်ဂျယ်တို့၊ ဧရာဝတီ စင်းခန်းတံတားတို့ သွားကြည့်တယ်။ နောက်နေ့ တပ်မိသားစုတွေနဲ့တွေ့တာ။ သူပြောတာကတော့ တပ်ထဲမှာ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ဖို့၊ ခွင့်မဲ့တို့၊ ပစ်တာခတ်တာ စတဲ့ အုပ်ချုပ်မှု လျော့နည်းတဲ့ ဖြစ်စဉ်တွေ မဖြစ်ဖို့၊ ထူးခြားတာက ပြည်ခိုင်ဖြိုးပါတီကို မဲထည့်ဖို့ ပြောသွားတယ်။ နောင်တက်လာမယ့် အစိုးရဟာလည်း ပြည်ခိုင်ဖြိုးပဲ ဖြစ်ရမယ်ပေါ့" ဟု ပြောသည်။

မွန်ငြိမ်းချမ်းရေးအဖွဲ့နှင့် နအဖ သဘောတူညီမှု မရရှိသေး

ဌာနေပြည်သူ့စစ် ဖွဲ့စည်းရန် နအဖစစ်အစိုးရ၏ ဖိအားပေးခံနေရသော မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့သည် ၎င်းတို့၏တောင်းဆိုချက်များကို နအဖဘက်မှ လိုက်လျောမှု မရှိသေး၍ နှစ်ဖက် သဘောတူညီမှုမရကြသေးကြောင်း သိရသည်။

မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူ စီးပွားရေးသမားတဦးက "ဒီအဖွဲ့ကို ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ကော့ယက္ခကျေးရွာမှာပဲ တစုတည်းနေဖို့ ပြောတယ်။ ဒီအဖွဲ့က အခြေချနယ်မြေ (၃) နေရာနဲ့ အထူးစည်းရုံးရေး (၃) နေရာ တောင်းတယ်။ ဒါကြောင့် ဌာနေပြည်သူ့စစ် ဖွဲ့ဖို့ မလုပ်နိုင်သေးတာပါ" ဟု ခေတ်ပြိုင်သို့ ပြောသည်။

ဌာနေပြည်သူ့စစ် ဖွဲ့ရန်အတွက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) က ချမှတ်ပေးထားသော ကော့ယက္ခ အထူးဒေသအပြင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ကော့ဒူး၊ ကော့မနော့နယ်မြေ၊ ရေးမြို့နယ် သောင်ပြင်၊ ကဗျာဝ၊ မကျီးကျွန်းနယ်မြေနှင့် အထူးစည်းရုံးရေးနယ်မြေအဖြစ် စီးပွားရေးအတွက် အချက်အခြာကျသော သံဖြူဇရပ် ရသေ့တောင်နယ်မြေ၊ မုဒုံမြို့ပေါ်နှင့် သထုံခရိုင် ဒေသတို့ကိုလည်း မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့က တောင်းဆိုထားကြောင်း ၎င်းက ပြောသည်။

စက်ရုံနှင့်အလုပ်သမားရုံးကို တရားစွဲဆိုမည်

ထိုင်းနိုင်ငံ အရှေ့မြောက်အရပ်ဒေသ ခွန်ခန်းခရိုင်ရှိ Dechapanich ငါးဖမ်းပိုက်ကွန်စက်ရုံမှ အလုပ်သမားအခွင့်အရေး တောင်းဆိုနေသော မြန်မာရွှေ့ပြောင်းအလုပ်သမားခေါင်းဆောင်များက စက်ရုံနှင့် ဒေသဆိုင်ရာ အလုပ်သမားရုံးကို တရားစွဲဆိုမည်ဟု ပြောကြားသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း အဆိုပါစက်ရုံမှ အလုပ်ထွက်သည့် အလုပ်သမားအချို့၏ စာရွက်စာတမ်းများကို စက်ရုံတာဝန်ရှိသူများက မမှန်မကန်ပြုလုပ်မှုများရှိခဲ့၍ အလုပ်သမား (၉၄၈) ယောက်တို့က စက်တင်ဘာ(၇) ရက်နေ့မှ စတင်၍ တပတ်ကျော် အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြပြီး MAP ဖောင်ဒေးရှင်းနှင့် အလုပ်မားအခွင့်အရေး ကာကွယ် စောင့်ရှောက်ရေးဌာနတို့၏ ကြားဝင်ကူညီပေးမှုကြောင့် သဘောတူညီချက်အချို့ရရှိကာ အလုပ်သမားများက (၁၅) ရက်နေ့တွင် အလုပ်ပြန်ဆင်းခဲ့ကြသည်။

သို့ရာတွင် လုပ်ငန်းခွင်အတွင်း အဆင်မပြေမှုများ ရှိလာသည့်အတွက် စက်တင်ဘာလ (၂၅) ရက်နေ့မှ စတင်၍ ဆက်လက်မလုပ်ကိုင်တော့ဘဲ အလုပ်မှထွက်မည်ဟုဆိုကာ လူပေါင်း (၇၀၀) ခန့်က နုတ်ထွက်စာ တင်ခဲ့ကြသည်။ ထိုသူများအနက်မှ (၅၆၉) ဦးအား စက်ရုံမှူးက နုတ်ထွက်ခွင့်ပေးခဲ့သော်လည်း ၎င်းတို့၏ စက်တင်ဘာ လစာကို ထုတ်မပေးသည့်အပြင် အလုပ်သမား (၁၀၀) ကျော်၏ စာရွက်စာတမ်းများကို သိမ်းဆည်းထားခဲ့သဖြင့် အလုပ်သမားများက စက်ရုံဝင်းအတွင်း ဆန္ဒပြတောင်းဆိုနေကြခြင်းဖြစ်သည်။

Read more..
http://www.khitpyaing.org

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments