Fwd: Khitpyaing update 20/10/2010

Burma Campaign Japan | 4:50 AM | 0 comments


Khitpyaing update 20/10/2010

မဇ္ဈိမသတင်းဌာန၏ သတင်းတင်ပြချက်နှင့် ပတ်သက်၍ ရှင်းလင်းချက်

"ခေတ်ပြိုင် ယာယီရပ်နားမည်" ဆိုသည့် အောက်တိုဘာ (၁၉) ရက် နေ့စွဲဖြင့် မဇ္ဈိမသတင်းဌာန ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည့် သတင်းနှင့်ပတ်သက်၍ ခေတ်ပြိုင်မှ ရှင်းလင်းတင်ပြအပ်ပါသည်။
အဆိုပါ သတင်းဖော်ပြချက် စာပိုဒ်တွင် "ခေတ်ပြိုင်မှာ ငွေကြေးထောက်ပံ့မှု အခက်အခဲနဲ့ သတင်းထောက် အခက်အခဲ ရှိနေပါတယ်။ ခေတ်ပြိုင်လို တချို့ သတင်းအဖွဲ့အစည်းတွေက အလှူရှင်တဖွဲ့ထဲကိုပဲ မှီခိုထားတော့ အဲဒီအလှူရှင်က နောက်ဆုတ်သွားရင် အခက်အခဲဖြစ်တာမျိုးလို့ ထင်ပါတယ်။ အလှူရှင်တွေ လက်ပန်းကျတာရယ်၊ ပြည်တွင်းမှာ အလုပ်လုပ်ဖို့ စိတ်ဝင်စားတာရယ်က အလှူရှင်တွေကို မှီခိုတဲ့ အဖွဲ့အစည်းတွေအတွက် စိုးရိမ်စရာ ဖြစ်ပါတယ်" ဟု ထိုင်းနိုင်ငံရှိ မြန်မာ့သတင်းသင်တန်းဆရာ ဦးအောင်နိုင်၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြထားပါသည်။

ယင်းသို့ ဖော်ပြချက်သည် သတင်းရင်းမြစ်ဖြစ်သည့် ခေတ်ပြိုင်တာဝန်ရှိသူတို့ထံမှ အတည်ပြုချက် ရယူမှု မရှိဘဲ ခေတ်ပြိုင်နှင့် ပတ်သက်ခြင်းမရှိသူထံမှ ခေတ်ပြိုင်အကြောင်း မေးမြန်းကိုးကားထားသည့် ထင်မြင်ချက်များသာ ဖြစ်ပါသည်။

ရခိုင်ကမ်းရိုးတန်းတွင် မုန်တိုင်း သတိပေး

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းမှာ ပိုမိုအားကောင်းလာနိုင်သည့်အပြင် မြန်မာ့ကမ်းရိုးတန်းနှင့်လည်း နီးကပ်နေသည့်အတွက် ကြိုတင်ပြင်ဆင်သတိရှိရန် လိုအပ်ပြီဖြစ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။

ရခိုင်ကမ်းရိုးတန်းတွင် သွားလာနေသော ငါးဖမ်းရေယာဉ်များ၊ ခရီးသည်တင်ရေယာဉ်များ၊ ကုန်တင်ရေယာဉ်များ အနေဖြင့် လှိုင်းဒဏ်၊ လေဒဏ်ကို အထူးသတိထားရန် လိုအပ်ကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။

၎င်းက "အထူးသဖြင့် တံငါလှေတွေ ပိုအရေးကြီးပါတယ်။ လောလောဆယ်မှာ လေတိုက်နှုန်း (၁) နာရီ ၄၀-၄၅ မိုင်လောက်အထိ ခန့်မှန်းထားပါတယ်" ဟုပြောသည်။

ပြည်သူ (၂၀၀၀) ကျော် ဆန်ပြတ်လပ်နေ


မွန်ပြည်သစ်ပါတီ၏ ထားဝယ်ခရိုင်အတွင်း မှီခိုနေထိုင်နေကြသူ လူဦးရေ (၂၀၀၀) ကျော်တို့သည် ယခုအခါ ဆန်ပြတ်လပ်မှု ပြဿနာနှင့် ရင်ဆိုင်နေရပြီး အကူအညီများ လိုအပ်နေကြောင်း သိရသည်။

၎င်းတို့အား အကူအညီပေးနေသော မွန်ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီမှ အတွင်းရေးမှူး နိုင်ဗညားအိန်က "အဲဒီမှာ ဖွင့်လှစ်ပေးထားတဲ့ ပြန်လည်ထူထောင်ရေးစခန်း (၆) ခုက ပြည်သူ အယောက် (၂၀၀၀) နဲ့ ရွာပုန်းရွာရှောင် (၆) ရွာက အခြားပြည်သူတွေ စားသောက်ဖို့ ဆန်ပြတ်လပ်နေတယ်။ မိုးတွင်းရာသီမှာဆိုတော့ ဆန်တွေကို သွားပို့ဖို့လည်း အခက်အခဲတွေ ရှိနေပါတယ်။ လက်ရှိအချိန်မှာ သူတို့တွေ ဆန်ပြုတ်စားနေရတဲ့အခြေအနေပါ။ ဒီ့အတွက် အလှူရှင်တွေနဲ့ ညှိနှိုင်းမှု လုပ်ဖို့ ကြိုးစားနေပါတယ်" ဟု ခေတ်ပြိုင်သို့ ပြောသည်။

ထိုခရိုင်သို့ ရိက္ခာပို့ဆောင်ရာ လမ်းကြောင်းပေါ်ရှိ ဒေသခံ စစ်အစိုးရ တပ်ဖွဲ့တို့က ဆန်ပို့ဆောင်ရန် ကန့်သတ်ပိတ်ပင်မှုများ ရှိကြောင်း၊ ယခုအခါ မိုးတွင်းကာလဖြစ်၍ ကယ်ဆယ်ရေးအဖွဲ့အနေဖြင့် သွားလာရေး အခက်အခဲများလည်း ရင်ဆိုင်နေရကြောင်း နိုင်ဗညားအိန်က ဆက်လက် ရှင်းပြသည်။

ကိုရီးယားသို့ လုပ်သားစေလွှတ်မှု အလုပ်သမားဝန်ကြီးဌာန ချုပ်ကိုင်

တောင်ကိုရီးယားနိုင်ငံသို့ မြန်မာအလုပ်သမားများ စေလွှတ်ရာတွင် မည်သည့် ပြင်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီကိုမှ ခွင့်ပြုမည်မဟုတ်ဘဲ အလုပ်သမားဝန်ကြီးဌာန ကိုယ်တိုင် အေဂျင်စီ ဖွင့်လှစ်၍ တဦးတည်းကိုယ်စားလှယ်အဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ ညွှန်ကြားရေးဦးစီးဌာနမှ အရာရှိတို့ဖြင့် အသစ် ထူထောင်လိုက်ခြင်းဖြစ်ပြီး ရပ်ဆိုင်းထားသော အလုပ်သမား စေလွှတ်ရေးကို ယခုလမှစ၍ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်သည်။

ရန်ကုန်မြို့ရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတခုမှ တာဝန်ရှိသူတဦးက "အရင်က လုပ်ခွင့်ပေးထားတဲ့ အေဂျင်စီက ကိုရီးယားအစိုးရနဲ့ မပြေလည်ခဲ့လို့ လုပ်သား မပို့ဖြစ်တာ မနှစ် ကတည်းကပါ။ အခု အလုပ်သမားဝန်ကြီးဌာနကိုယ်တိုင် အေဂျင်စီ ဖွင့်ပြီး စာမေးပွဲအောင်ထားတဲ့ အရင်လူတွေကို အခု လျှောက်လွှာ ပြန်တင်ခိုင်းနေတယ်။ သွားဖို့ ကုန်ကျစရိတ်တွေ၊ လုပ်ငန်းအမျိုးအစားတွေ၊ အခြားအာမခံချက်တွေကိုတော့ ဘာမှ မကြေညာရသေးဘူး"ဟု ခေတ်ပြိုင်သို့ ပြောသည်။

ရွေးကောက်ပွဲလုံခြုံရေး လှေဆိပ်များပိတ်

ရွေးကောက်ပွဲ လုံခြုံရေးအတွက်ဟု ဆိုကာ တရားမ၀င် ထိုင်းပစ္စည်းများ ခိုးသွင်းနေသည့် လှေဆိပ် (၂၀) ခန့်ကို မြ၀တီခရိုင်အာဏာပိုင်များက လုံးဝပိတ်လိုက်ပြီး လှေဆိပ်တိုင်းတွင် ယနေ့မှစ၍ လက်နက်ကိုင်စစ်သားများ တိုးမြှင့်ချထားလိုက်သည်ဟု ကုန်သည်များက ပြောသည်။

မြန်မာကုန်သည်ကြီးတဦးက "ဒီမနက်က စပြီး ခိုးဂိတ်တွေအားလုံး ပိတ်လိုက်ပြီ။ ရွေးကောက်ပွဲ လုံခြုံရေးအတွက်လို့ လူကြီးတွေက ပြောတယ်။ ဂိတ်တိုင်းမှာ စစ်သားတွေ ချထားတော့ ထိုင်းပစ္စည်းတွေ မြ၀တီထဲ လုံးဝ ၀င်လို့ရတော့မှာ မဟုတ်ဘူး။ ဒီအတိုင်းဆိုရင် မြန်မာပြည်မှာ ထိုင်းလူသုံးကုန် စားသုံးကုန်ဈေးတွေ မတန်တဆ ဈေးတက်ပြီး ဂယက်ရိုက်မှုတွေဖြစ်မှာ သေချာတယ်"ဟု ခေတ်ပြိုင်သို့ ပြောသည်။


Read more..
http://www.khitpyaing.org


Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments