Fwd: Khitpyaing update 8/10/2010

Burma Campaign Japan | 4:32 AM | 0 comments



---------- Forwarded message ----------
From: KHITPYAING NEJ <nejnews@gmail.com>
Date: 2010/10/8

Khitpyaing update 8/10/2010

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် အယူခံအတွက် ကြားနာမည်

နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် ပြစ်ဒဏ် ချမှတ်ခဲ့သည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ နောက်ဆုံးအယူခံအတွက် လာမည့် အောက်တိုဘာ (၁၈) ရက်နေ့တွင် ကြားနာမည်ဖြစ်ကြောင်း ရန်ကုန် ဗဟိုတရားရုံးချုပ်က ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက "ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်ထားတဲ့အပေါ် ပြင်ဆင်ပေးဖို့ အထူးအယူခံအမှုအတွက် ကြားနာမှာ ဖြစ်ပါတယ်။ ဒီအယူခံက လွန်ခဲ့တဲ့ (၄) လကတည်းက ကျနော်တို့ တင်ထားတာပါ။ အခု ကြားနာမယ်ဆိုတော့ ပထမဆုံးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရင် တွေ့ရဖို့ လုပ်သွားပါ့မယ်" ဟု ဦးဉာဏ်ဝင်းက ခေတ်ပြိုင်သို့ ပြောကြားသည်။

ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအပေါ် အယူခံဝင်ခဲ့ရာတွင် ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သည့်နောက် ပြီးခဲ့သည့် မေလမှစ၍ ဗဟိုတရားရုံးချုပ်သို့ အကြိမ်ကြိမ် တင်သွင်းလျှောက်ထားခဲ့ရာမှ ယခုကဲ့သို့ ကြားနာရန် နေ့ရက် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

မန္တလေးမြို့ပေါ်တွင် ရေကြီး၍ ရုံးများ၊ ကျောင်းများ ပိတ်ထားရ

ဆည်တော်ကြီးရေလှောင်တမံမှ ရေမနိုင်၍ဖွင့်ချလိုက်သဖြင့် ယနေ့နံနက် (၄) နာရီမှစ၍ မန္တလေးမြို့ တောင်ဘက်အခြမ်း မြို့နယ်တို့တွင် ရေကြီးနေသည်။

မန္တလေး ပြည်ကြီးတံခွန်မြို့နယ် (ဂ) ရပ်ကွက်၊ အင်းခရု ရပ်ကွက်၊ ဘ (၃) ရပ်ကွက်၊ အောင်သာယာ၊ ထွန်တုံးရပ်ကွက်များ အပါအဝင် ချမ်းမြသာစည်မြို့နယ်လည်း အနည်းငယ်ရေမြုပ်သည့်အပြင် အစိုးရရုံးများ၊ ကျောင်းများကိုလည်း ပိတ်ထားရပြီး အဆိုပါ ရပ်ကွက်တို့မှ လူများမှာ လမ်းမပေါ် ထွက်နေရသည်ဟု ဘ (၃) ရပ်ကွက်သားတဦးက ခေတ်ပြိုင်သို့ ပြောသည်။

ရေတားဘောင်မရှိသော ရပ်ကွက်များအတွင်း ရေဝင်လာသည့်အတွက် မန္တလေးမြို့၏ တောင်မြောက် လမ်းမကြီးဖြစ်သည့် (၆၂) လမ်းကို ရေကျော်သွားပြီး သွားရေးလာရေး ခက်ခဲနေကြောင်း၊ အချို့နေရာများတွင် ရေအမြင့် (၅) ပေခန့်ထိ ရှိနေကြောင်း သိရသည။

ဘိုကလေးမြို့နယ်တွင် ပင်လယ်ရေ အတိုးကြမ်း ကျေးရွာအချို့ ရွှေ့ပြောင်းနေရ

ဘိုကလေးမြို့အပိုင် ရေငန်ဒေသများဖြစ်သော အေရာ၊ အမာ၊ ကဒုံကနိ ကျေးရွာများတွင် အောက်တိုဘာ (၆) ရက် ည (၁၁) နာရီခန့်မှစ၍ အောက်ရေ (၃) ပေခန့်တိုးပြီး ရေပြင်ရေတိုးကြမ်းနေခြင်းကြောင့် ဘင်္ဂလားပင်လယ်အော် အနားသတ်ကျေးရွာအချို့ ရေဘေးကင်းရာသို့ ရွှေ့ပြောင်းနေရကြောင်း ဘိုကလေးမြို့နယ် ဒေသအာဏာပိုင်တို့ထံမှ သိရသည်။

ထိုသို့ ပင်လယ်ရေပြင် အခြေအနေ မူမှန်မဟုတ်ခြင်းကြောင့် ငါးဖမ်းစက်လေ အသေး၊ အကြီး (၁၅၀) ခန့်သည် ပင်လယ်စပ် ကဒုံကနိကျေးရွာ ကမ်းခြေများသို့ ခေတ္တ၀င်ရောက် နားခိုနေရကြောင်း သိရသည်။

အဆိုပါအခြေအနေအပေါ် စက်လှေပိုင်ရှင်တဦးက "ပင်လယ်ပြင်ထဲ ဘယ်စက်လှေမှ နေလို့မရဘူး။ ရေပြင်မှာ လှိုင်းကြမ်းနေတော့ ငါးဖမ်းဖို့လည်း မဖြစ်နိုင်ဘူး။ ဘင်္ဂလားပင်လယ်အော်မှာ မိုင် (၄၀) နှုန်းရှိတဲ့ လေဖိအားနည်း ရပ်ဝန်းရှိတယ်ဆိုတာ ကျနော်တို့ သူဌေးတွေပြောပြထားလို့ သိနေကြပါတယ်။ ခုလိုအခြေအနေကြောင့် မော်တော်တွေဟာ ပင်လယ်စပ် ကဒုံကနိဘက်မှာ စက်လှေအုပ်လိုက် ခိုနားနေကြရတယ်" ဟု ပြောသည်။

အရပ်သား (၂) ဦးအား ပစ်မိန့်ပေးသူ ဗိုလ်ကြီးကို နေပြည်တော်သို့ ပြောင်းရွှေ့

ပဲခူးမြို့တွင် အရပ်သားလူငယ် (၂) ဦးကို သေနတ်ဖြင့် ပစ်ခတ်ရန် အမိန့်ပေးခဲ့သူ ဗိုလ်ကြီးသိဒ္ဓိစိုးကို နေပြည်တော်သို့ ပြောင်းရွှေ့ တာဝန်ပေးအပ်လိုက်ကြောင်း ခလရ (၅၉) မှ ဗိုလ်မှူးတဦးက အတည်ပြု ပြောကြားသည်။

အဆိုပါဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာ (၄) ရက်နေ့ည (၁၂) နာရီခန့်၌ ပဲခူးမြို့တွင် နေထိုင်သူ လူငယ် (၂) ဦးဖြစ်သည့် မောင်စိုးပိုင်ဇော် အသက် (၁၉) နှစ်၊ မောင်အောင်သူဟိန်း အသက် (၂၃) နှစ်တို့နှင့် ဒေသခံစစ်တပ် အရာရှိများ ခိုက်ရန်ဖြစ်ပွားရာမှ အစပြုကာ လူငယ်များနေထိုင်ရာ ရပ်ကွက်အတွင်းသို့ စစ်သားများက ဝင်ရောက်ပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းသို့ပစ်ခတ်မှုတွင် ဗိုလ်ကြီးသိဒ္ဓိစိုးက ပစ်မိန့်ပေးသည့်အတွက် လူငယ် (၂) ဦး နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြသည်။

သေဆုံးခဲ့သည့် အရပ်သားလူငယ် (၂) ဦး၏ အလောင်းများကို စစ်တပ်မှ ခေါင်းဆောင်ကာ စက်တင်ဘာ (၇) ရက်နေ့ နေ့လယ် (၁၂) နာရီတွင် ပဲခူးမြို့ ဆင်ဖြူကွင်း သုသာန်တွင် မီးသင်္ဂြိုဟ်ခဲ့ရာ လူပေါင်း (၂,၅၀၀) ခန့် လိုက်ပါပို့ဆောင်ခဲ့သည်။

ကေအိုင်အိုတပ်ဖွဲ့ဝင်များ ဖမ်းဆီးစစ်ဆေးခံရ

နအဖထိန်းချုပ်နယ်မြေထဲသို့ ခရီးသွားလာသည့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) တပ်ဖွဲ့ဝင်များကို နအဖစစ်တပ်က ဖမ်းဆီးကာ စစ်ဆေးသတင်းရယူမှုများ ပြုလုပ်နေသည်။

စက်တင်ဘာ (၃ဝ) ရက်နေ့၌ ဝိုင်းမော်မြို့နယ် အင်ပေါန်ကျေးရွာအတွင်းရှိ ဆွေမျိုးအိမ်သို့ သွားရောက် လည်ပတ်နေသည့် ကေအိုင်အိုတပ်ဖွဲ့မှ အရာခံဗိုလ်တဦးအား နယ်မြေခံစစ်တပ်က ကျေးရွာအတွင်း ဖမ်းဆီးပြီး စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) မှ မြစ်ကြီးနားသို့ ခေါ်ယူစစ်ဆေးနေသည်ဟု ကေအိုင်အိုတပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက "အဲဒီအရာခံဗိုလ်က အဲဒီရွာနားမှာရှိတဲ့ ကေအိုင်အိုရဲ့ ရှေ့တန်းစခန်းတာဝန်ကျပဲ။ စခန်းက ကေအိုင်အေ ရဲဘော်တွေက ရွာထဲကို အရင်ကလည်း သွားနေကျ။ အခုလည်း သွားလည်နေတုန်းမှာ စစ်တပ်က ရောက်လာပြီး အိမ်ကို ဝိုင်းပြီး ဖမ်းလိုက်တယ်။ အရတ်ဝတ်နဲ့ပဲ သွားလည်တာ။ အခု စရဖက မြစ်ကြီးနား ခေါ်သွားတယ်" ဟု ပြောသည်။

စက်တင်ဘာ (၈) ရက်ကလည်း ကေအိုင်အို ဗဟိုဌာနချုပ် လိုင်ဇာမှ ဗိုလ်ကြီးဇော်လီသည် စိုက်ပျိုးရေးခြံသို့ သွားရောက်စဉ် လဂျားယန်စစ်ဆေးဂိတ်က ဖမ်းဆီးကာ မြစ်ကြီးနားသို့ ခေါ်ယူစစ်ဆေးခံခဲ့ရပြီး ယခု အကျယ်ချုပ် သဘောမျိုး ချုပ်နှောင်ထားခြင်း ခံထားရသည်ဟု မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် ဒေသခံတဦးက ပြောသည်။


Read more..
http://www.khitpyaing.org

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments