ဒေါ်အောင်ဆန်းစုကြည် ပြန်လည်မလွတ်မြောက်လာပါက NLD (CEC) များနှင့်ပါတီဝင်များ (ရှေ့ဆက်) ဘာဆက်လုပ်ကြမည်နည်း

Burma Campaign Japan | 11:59 AM | 0 comments

     

    ဒေါ်အောင်ဆန်းစုကြည် ပြန်လည်မလွတ်မြောက်လာပါက NLD (CEC) များနှင့်ပါတီဝင်များ (ရှေ့ဆက်) ဘာဆက်လုပ်ကြမည်နည်း

    ဒေါ်အောင်ဆန်းစုကြည် လွတ်လျင် လူထုလှုပ်ရှားမှု ပိုလုပ်မည်ဟု NLD ပြော
    ရန်ပိုင် Friday, October 01, 2010

    ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာပါက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် လူထု လှုပ်ရှားမှုများကို ပိုမို လုပ်ဆောင်မည်ဟု အဖွဲ့ဝင်များက ဆိုသည်။

    လာမည့် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံ နေရခြင်းမှ ပြန်လည် လွတ်မြောက် လာ မည်ဖြစ်ကြောင်း ၊ ထို့နောက် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရန် လူထုလှုပ်ရှားမှုများ ဖြင့် လုပ်ဆောင်သွားမည်ဟု NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ပြောသည်။

    "ဒေါ်စုက လွတ်လာရင်တော့ တပြည်လုံး လှည့်မှာပဲ၊ ဒီပဲယင်းနဲ့ တွေ့တာ မတွေ့တာက နောက်တပိုင်းပဲ၊ သွေးကြောင်နေမှာ မဟုတ်ဘူး"ဟု ၎င်းကဆိုသည်။

    လတ်တလော လုပ်ဆောင်နေသည့် လူထု စည်းရုံးရေး လုပ်ငန်းများ၊ တိုင်းရင်းသားများ၊ တခြားသော အဖွဲ့အစည်းများနှင့် စုစည်းမိရန် ပြုလုပ်နေခြင်းသည် လူထုလှုပ်ရှားမှုများ အတွက် ပြင်ဆင် နေခြင်း ဖြစ်ကြောင်း၊ လူထုကို တစု တစည်းတည်း ဖြစ်စေရန် စည်းရုံးပြီး ဖိအား ပေးသည့် နည်းကို သုံးမည်ဟုလည်း ဦးဝင်းတင်က ပြောဆိုသည်။

    ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၂ ခုနှစ် မေလအတွင်း နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာစဉ်ကလည်း နိုင်ငံအနှံ့ ခရီး ထွက်ပြီး လူထုတရားပွဲများကို ကျင်းပခဲ့ရာ စစ်အစိုးရက ၂၀၀၃ ခုနှစ် မေလ၌ စစ်ကိုင်းတိုင်း ဒီပဲယင်းဒေသတွင် ဒေါ်အောင်ဆန်း စုကြည်၏ ယာဉ်တန်းကို တားဆီးရိုက်နှက်၍ နေအိမ် အကျယ်ချုပ် ထပ်မံချခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ ပြီးခဲ့သည့် ၂၁ နှစ်တာ အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ကျခံနေရသည်မှာ ၁၅ နှစ် ခန့်ရှိပြီဖြစ်သည်။

    NLD ပါတီအနေဖြင့် ဆန္ဒပြပွဲများဖြင့် ဖိအားပေးသော နည်းကို သုံးမည် မဟုတ်ကြောင်း၊ လူထုကို နိုင်ငံရေးအသိ တိုးစေရန် ပညာပေးရေး လုပ်ငန်းများကို လုပ်ဆောင်မည်သာ ဖြစ်ကြောင်း ဦးဝင်းတင်က ဆက်ပြောသည်။

    မကွေးတိုင်း စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ခင်စောဌေးက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလျှင် ၎င်း၏ ဦးဆောင်မှုကို လိုက်နာ ပြီး အမျိုးသားပြနလည်သင့်မြတ်ရေး လမ်းကြောင်းကို အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း၊ "မတရားတဲ့ ဥပဒေ ဟူသမျှ ဖီဆန်ကြ"ဟု ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့သည့် အတိုင်းအကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြော သည်။

    ဒေါ်အောင်ဆန်းစုကြည်ကို လာမည့် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ အပြီးတွင် လွှတ်ပေးမည်ဖြစ်ကြောင်း စစ်အစိုးရ အရာရှိ တဦးကို ကိုးကား၍ AFP သတင်းတွင် ဖော်ပြထားသည်။

    ဒေါ်အောင်ဆန်းစုကြည် ၏ လွတ်ရက်စေ့မည့် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်ချထားခြင်းမှ လွှတ်ပေးမည်ဖြစ် ကြောင်း AFP က ရေးသားထားခြင်းဖြစ်သည်။

    ထိုသို့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မည့်နေကို ပြောဆိုနေကြသော်လည်း ရွေးကောက်ပွဲ ဆန့်ကျင်သည့် စာရွက်စာတမ်း များ ဖြန့်ဝေမှုဖြင့် ရန်ကုန်မြို့ရှိ တက္ကသိုလ် ကျောင်းသားများကို မကြာသေးမီကဖမ်းဆီးခြင်း၊ စက်မှုဇုန်များတွင် ဖြစ်ပွားခဲ့သည့် အလုပ်သမားဆန္ဒပြပွဲများတွင် ပါဝင်သူ ၁၃ ဦးကိုလည်း စစ်အစိုးရက အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးထောင်ချခြင်း ပြုလုပ်မှု များရှိနေသည်။

    စစ်အစိုးရ၏ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းကမူ ယခုကျင်းပမည့် ရွေးကောက်ပွဲသည် နိုင်ငံရေးပါတီ ၃၇ ခုမှ ကိုယ်စားလှယ် လောင်း ၃၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သောကြောင့် အားလုံး ပါဝင်မှုရှိသည်မှာ ထင်ရှားကြောင်း ၆၅ ကြိမ်မြောက် ကုလ သမဂ္ဂ အထွေထွေ ညီလာခံ၌ ပြောဆိုခဲ့သည်။

    အားလုံးပါဝင်သည့် ရွေးကောက်ပွဲ ဖြစ်စေရန် ဒေါ်အောင်ဆန်းစုကြည် အပါဝင် နိုင်ငံရေး အကျဉ်းသားများကို ရွေးကောက်ပွဲ မတိုင် မီ လွှတ်ပေးရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလျှင်လည်း မိမိတို့ ပါတီဝင်များ အနေဖြင့် ၎င်း၏ ဦး ဆောင်မှု အောက်တွင် ပြည်သူ အကျိုးပြုလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပဲခူးတိုင်းမင်းလှမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်လှလှမိုးကလည်း ပြောသည်။
    Copy from www.irrawaddy.org


    Category:

    Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

    0 comments