Fwd: Khitpyaing update 13/10/2010

Burma Campaign Japan | 4:14 AM | 0 comments



---------- Forwarded message ----------
From: KHITPYAING NEJ <nejnews@gmail.com>
Date: 2010/10/13
Khitpyaing update 13/10/2010

ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲတွင် မဲမထည့်ဟု ငြင်းဆို

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လာမည့်နိုဝင်ဘာ (၇) ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် မဲထည့်မည်မဟုတ်ကြောင်း ငြင်းဆိုလိုက်သည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ချထားမှု အယူခံတင်ထားသည့်ကိစ္စနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဖြစ်ကြသည့် ဦးကြည်ဝင်းနှင့် ဦးဉာဏ်ဝင်းတို့ ယမန်နေ့၌ ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ သွားရောက်ခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ခြင်းဖြစ်သည်။

"မဲစာရင်းမှာပါကြောင်းကို သတင်းတပ်ဖွဲ့က စက်တင်ဘာ (၂၄) ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို စာနဲ့အကြောင်းကြားတယ်။ အဲဒီစာနဲ့အကြောင်းကြားတဲ့အပေါ်မှာ ဒေါ်စုက ပြောတာက သူဟာ အကျဉ်းကျနေတဲ့လူ၊ နောက် ဥပဒေမှာပါတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေအရ သူဟာ မဲဆန္ဒပေးပိုင်ခွင့်မရှိသူဖြစ်တယ်ဆိုတဲ့ ဒီလိုအကျိုးအကြောင်းကို သက်ဆိုင်ရာကို ပြန်လည်တင်ပြဖို့ ကျနော့်ကို ညွှန်ကြားပါတယ်။ မဲဆန္ဒကတော့ သူပေးမှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ အန်အယ်လ်ဒီပါဝင်ခြင်းမရှိတဲ့ ရွေးကောက်ပွဲမှာ သူမဲပေးစရာ ဘာမှ အကြောင်းမရှိဘူးတဲ့။ သူက အဲလိုပြောပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည့် ဦးဉာဏ်ဝင်းက ခေတ်ပြိုင်သို့ပြောသည်။

အန်ဒီအက်ဖ်ပါတီမှ ကချင် (၂) ဦး စစ်ဗိုလ်ထွက်များနှင့် ပြိုင်မည်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (အန်ဒီအက်ဖ်) မှ ကိုယ်စားလှယ်လောင်း ကချင်တိုင်းရင်းသား (၂) ဦးသည် မြစ်ကြီးနားနှင့် ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်အမတ်နေရာများအတွက် ကချင်ပြည်နယ်တွင် တာဝန်ယူခဲ့ကြသည့် စစ်ဗိုလ်ထွက်များနှင့် ယှဉ်ပြိုင်ရန်ရှိသည်။

မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်အမတ်နေရာအတွက် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးနှင့် ယခင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၏ ကချင်ပြည်နယ်တာဝန်ခံလည်းဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း ဦးသိန်းဇော်နှင့် အဓိကယှဉ်ပြိုင်ရန်ရှိပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) မှ ဦးလနန်ဘောက်နှင့် ရှမ်းအမျိုးသားဒီမိုကရေစီ ပါတီမှ စိုင်းအောင်ကျော်ဦးတို့လည်း ဝင်ရောက်အရွေးခံမည်ဖြစ်ကြောင်း အန်ဒီအက်ဖ်မှ ကိုယ်စားလှယ်လောင်း ဦးမာခါးက ပြောသည်။

၎င်းက "ကြံ့ခိုင်ရေး၊ တစည၊ ကျားဖြူပါတီနဲ့ ကျနော်တို့ အန်ဒီအက်ဖ် အားလုံး (၄) ဦး ရှိပါတယ်။ ကျနော်တို့ပါတီက ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးအတွက် အမှန်တကယ် ဦးတည်သွားနေတဲ့အတွက်ရယ်၊ လူထုအနေနဲ့ ရွေးချယ်စရာ ပါတီ သိပ်မရှိတဲ့အတွက်ရယ်ကြောင့် ကျနော်တို့ကို လူထုက ထောက်ခံမယ်လို့ မျှော်လင့်ပါတယ်။ အခု ကျနော်တို့ ရှိလာလို့ လူထုတွေ ဝမ်းသာကြပါတယ်။ လူထုကို ပြောပြနိုင်ရင် ပြောပြနိုင်သလို လူထုတွေက ထောက်ခံမှာပါ" ဟု ပြောသည်။

ကြံ့ဖွံ့မှလွဲ၍ ကျန်ပါတီများ ကြော်ငြာဘုတ်ထောင်နိုင်ရန် ခက်ခဲ

နိုင်ငံရေးပါတီများကို ရန်ကုန်မြို့အပါအဝင် နယ်မြို့များ၏ လမ်းဆုံလမ်းခွတို့တွင် ကြော်ငြာဘုတ် ထောင်ခွင့်ပြုထားသော်လည်း လျှောက်ထားသူ မရှိသေးခြင်းကြောင့် အခက်ကြုံနေရကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အရာရှိတဦးက ပြောသည်။

၎င်းက "အထက်က ကျနော်တို့ကို ညွှန်ကြားထားတယ်။ ရွေးကောက်ပွဲ ရက်မတိုင်ခင် လမ်းဆုံ လမ်းခွတွေမှာ ကိုယ်စားလှယ်လောင်း ပုံတွေထောင်ထားပြီး နိုင်ငံတကာ ပုံစံဖြစ်ချင်တယ်တဲ့။ ရွေးကောက်ပွဲ မတိုင်ခင်နဲ့ ရွေးကောက်ပွဲကာလ နေရာတချို့ကို အာဆီယံ သံတမန်တွေ၊ တခြား နိုင်ငံခြားသားတွေကို အစိုးရက လိုက်လံပြသချင်တယ်။ ဒါကြောင့် ရန်ကုန် မန္တလေးကို ရွေးကောက်ပွဲ လုပ်နေတဲ့ မြို့တော်ဖြစ်အောင်၊ တရားမျှတမှု ရှိပါတယ်၊ စည်စည်ကားကား ရှိပါတယ် ဆိုတဲ့ ပုံစံဖြစ်အောင် ကြော်ငြာဘုတ်တွေ ထောင်ဖို့စီစဉ်ပါဆိုပြီး ခိုင်းတာ" ဟု ပြောသည်။

ထိုအစီအစဉ်အတွက် ကြော်ငြာဘုတ်များကို ချုပ်ကိုင်ထားသော မြို့တော်ဝန် ဦးအောင်သိန်းလင်း ကိုယ်တိုင်က ကြံ့ခိုင်ရေး အမတ်လောင်းဖြစ်နေသည့်အတွက် ကြံ့ခိုင်ရေးက အဆင်သင့်ဖြစ်နေသော်လည်း ကြော်ငြာဘုတ်ထောင်ရန် ဈေးနှုန်းကြီးနေသည့်အတွက် မည်သည့်နိုင်ငံရေးပါတီမှ လျှောက်ထားခြင်း မရှိသေးကြောင်း အဆိုပါအရာရှိက ပြောသည်။

ယုဇနကုမ္ပဏီ ဥက္ကဋ္ဌအား လယ်ယာသိမ်းအမှုမှ ပယ်ဖျက်ကြောင်း အမိန့်ချ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ ဟူးကောင်းချိုင့်ဝှမ်းဒေသမှ လယ်ယာမြေများသိမ်းယူခဲ့သည့် ယုဇနကုမ္ပဏီအပေါ် တရားစွဲဆိုမှုတွင် ယုဇနကုမ္ပဏီ ဥက္ကဋ္ဌနာမည်အား ပယ်ဖျက်ကြောင်း ပြည်နယ်တရားရုံးက ယမန်နေ့က ကြားဖြတ်အမိန့် ချမှတ်လိုက်သည်။

ယုဇနကုမ္ပဏီ ဥက္ကဋ္ဌ ဦးဌေးမြင့်အမည်အား ပယ်ဖျက်ပြီး ၎င်း၏အစ်ကိုဖြစ်သူ ဦးပုကြည်က တာဝန်ခံ၍ တရားရင်ဆိုင်သွားရန် ကချင်ပြည်နယ် တရားသူကြီး ဦးတူးဂျာက ကြားဖြတ်အမိန့် ချမှတ်ခဲ့သည့်အတွက် လယ်ယာမြေသိမ်းသည့်အပေါ် တရားစွဲဆိုရန် ဆောင်ရွက်ပေးနေသည့် ဒေါ်ဘောက်ဂျာက ဆက်လက်အယူခံသွားရန်ရှိကြောင်း ပြောသည်။

၎င်းက "ဦးပုကြည်ကိုပဲ တာဝန်ခံခိုင်းဖို့ တရားရုံးက ဆုံးဖြတ်ခဲ့တာလေ။ ကျမတို့က တာဝန်ခံကို တရားစွဲထားတာ မဟုတ်ဘူးလေ။ ကုမ္ပဏီဥက္ကဋ္ဌကို တရားစွဲထားတာ။ သူက ညွှန်ကြားမှ ကုမ္ပဏီတာဝန်ခံက လိုက်လုပ်ရတာ။ ဥက္ကဋ္ဌက ရန်ကုန်မှာနေတာပေါ့၊ တာဝန်ခံနဲ့ ဖြေရှင်းလို့ရတယ်ဆိုပြီး အမိန့်ချတယ်" ဟု ပြောသည်။

မြန်မာအလုပ်သမား (၂) ဦး အဖမ်းခံရ

ဗွီဒီယိုအပြာခွေနှင့် ကာတွန်းကားခွေများ ရောင်းချမှုဖြင့် မြန်မာအလုပ်သမား (၂) ဦးအား ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆူကွန်ဗစ် လမ်းမပေါ်ရှိ ညဈေးဧရိယာတွင် ယမန်နေ့ညက ဖမ်းဆီးလိုက်ကြောင်း သိရသည်။

အဆိုပါ (၂) ဦးမှာ မြန်မာနိုင်ငံ ကျောက်မဲမြို့ဇာတိ အသက် (၂၉) နှစ်အရွယ် ဆန်နီနှင့် မြစ်ကြီးနားဇာတိ အသက် (၂၄) နှစ်အရွယ် ဘီဂျေးတို့ ဖြစ်ကြောင်း ၎င်းတို့ဆိုင်အနီး ပတ်ဝန်းကျင်တွင် အင်္ကျီရောင်းသည့် ကိုသန်းထူးက ပြောသည်။

ထိုသူ (၂) ဦးနှင့်အတူ ဗွီဒီယိုခွေရောင်းချသည့် ထိုင်းအမျိုးသမီး အလုပ်သမား (၁) ဦးလည်း အဖမ်းဆီးခံခဲ့ရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကိုသန်းထူးက "ကျနော်တို့ ညနေကတည်းက ရဲဝင်မယ်ကြားလို့ ကျနော်ကတော့ ဆိုင်ပိတ်ထားလိုက်တယ်။ သူ့ကိုတောင် သတိပေးလိုက်သေးတယ်။ ကျနော် လမ်းလျှောက်သွားနေတုန်းမှာ ဆန်နီအဖမ်းခံရတာ" ဟု ဆိုသည်။

အဖမ်းခံသူများသည် အလုပ်သမားများဖြစ်ပြီး ထိုသို့အဖမ်းခံရလျှင် ငွေပေး၍ပြဿနာကို ယခင်က ချက်ချင်းဖြေရှင်း၍ ရသော်လည်း ယခုဝင်ရောက်ဖမ်းဆီးသော ရဲများမှာ ထိုသို့လုပ်မရဘဲ အဖမ်းခံရသူများအား ယနေ့နံနက်၌ အာမခံလျှောက်ထားပြီး နေ့ခင်းတွင် တရားရုံးတင်ပြီဟု သိရကြောင်း ကိုသန်းထူးက ပြောသည်။

Read more..
http://www.khitpyaing.org

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments