Fwd: Khitpyaing update 15/10/2010

Burma Campaign Japan | 4:48 AM | 0 comments


Khitpyaing update 15/10/2010

အန်အယ်လ်ဒီ တရားဝင် ရပ်တည်လျက်ရှိကြောင်း ကြေညာချက် ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီသည် တရားဝင် နိုင်ငံရေးပါတီတရပ်အဖြစ် ဆက်လက် ရပ်တည်နေဆဲဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ကာ ပြည်နယ်နှင့် တိုင်းအသီးသီးရှိ ပါတီဝင်များအား ယမန်နေ့၌ အသိပေးအကြောင်းကြားလိုက်သည်။

အန်အယ်လ်ဒီကို မတရားအသင်း ကြေညာလိုက်သည့်အပေါ် အန်အယ်လ်ဒီက စစ်အစိုးရအား တရားစွဲဆိုခဲ့ရာတွင် ဗဟိုတရားရုံးချုပ်က လက်ခံခဲ့ပြီး မှတ်ပုံတင်ခွင့် ပေးခဲ့ခြင်းကြောင့် ဥပဒေကြောင်းအရ ၎င်းတို့ပါတီ ပျက်ပြယ်သွားခြင်း မရှိသေးကြောင်း အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားသည်။

"အန်အယ်လ်ဒီဟာ ဥပဒေအရ ပျက်ပြယ်ခြင်း မရှိဘူး၊ ဆက်လက် ရပ်တည်နေတယ်ဆိုတာ ဥပဒေအချက်အလက်များပေါ်မှာ အခြေခံပြီး တရားစွဲတင်ထားတာပါ။ စစ်အစိုးရကို ကျနော်တို့ပါတီ အဲဒီလို တရားစွဲတာကို ဗဟိုတရားရုံးက လက်ခံတယ်။ မှတ်ပုံတင်ခွင့် ပေးခဲ့တယ်။ ဒါဟာ တရားစီရင်ရေးလမ်းကြောင်းအရ ရှေ့ဆက်သွားနေတာ ဖြစ်တယ်။ ဒါကြောင့် တရားစွဲဆိုထားတဲ့ ကာလတလျှောက်မှာ အန်အယ်လ်ဒီပါတီ တရားဝင် ရပ်တည်နေဆဲ ဆိုတဲ့ သဘောကို ပါတီဝင်တွေ သိအောင် အကြောင်းကြားတာ ဖြစ်တယ်" ဟု ဦးဉာဏ်ဝင်းက ခေတ်ပြိုင်သို့ ပြောသည်။

အနာဂတ် ပြည်နယ်/တိုင်း ဝန်ကြီးချုပ်များ ရွေးချယ်ပြီး

ယနေ့အချိန်ထိ ရွေးကောက်ပွဲ မကျင်းပရသေးသော်လည်း စစ်အစိုးရက လာမည့် အနာဂတ် အစိုးရအဖွဲ့အတွက် သက်ဆိုင်ရာ ပြည်နယ်/တိုင်း ဝန်ကြီးချုပ်လောင်းများ ရွေးချယ်ပြီးဖြစ်ကြောင်း နေပြည်တော် စစ်ဌာနချုပ်မှ စစ်အရာရှိတဦးက ပြောသည်။

"နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲအတွက် မဲဆွယ်ကြ၊ အငြင်းတွေ ပွားကြနဲ့ ကျနော်တို့ ခေါင်းဆောင်တွေကတော့ လာမယ့် အစိုးရအဖွဲ့အတွက် အရေးကြီးရာထူးတွေ ရွေးချယ်ပြီးနေပြီ။ ပြည်နယ်/တိုင်း ဝန်ကြီးချုပ်တွေအဖြစ် ရန်ကုန်တိုင်းမှာ ဒု-ဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေ၊ မန္တလေးတိုင်းအတွက် ဒု-ဗိုလ်ချုပ်ကြီးဟောင်း ရဲမြင့်၊ စစ်ကိုင်းတိုင်းအတွက် ဒု-ဗိုလ်ချုပ်ကြီးသာအေး၊ တနင်္သာရီတိုင်းအတွက် ဒု-ဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်၊ မွန်ပြည်နယ်အတွက် ကာကွယ်ရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်ဟောင်းအေးမြင့် အပါအဝင် အားလုံး ရွေးပြီးနေပြီ" ဟု တိုင်းဝန်ကြီးချုပ်လောင်းတဦး၏ ကိုယ်ရေးအရာရှိဖြစ်သူ အဆိုပါ စစ်အရာရှိက ပြောသည်။

ရွေးကောက်ပွဲအပြီးလွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ်များနှင့် ကြံ့ဖွံ့ကိုယ်စားလှယ်များသာ နေရာအများစု ယူထားမှာဖြစ်ပြီး ၎င်းတို့တင်သည့် သမ္မတလောင်းသာလျှင် သမ္မတ ဖြစ်မှာ သေချာနေကြောင်းလည်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတဦးက ပြောသည်။

ရွှေ့ပြောင်း အလုပ်သမားများထံမှ ငွေထပ်မံ ကောက်ဦးမည်

၂၀၁၀ ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့စွဲဖြင့် ထိုင်းအလုပ်သမားဝန်ကြီး ချလာမ်ချား စီအော်န် လက်မှတ်ရေးထိုးထားသော ပြန်တမ်းထုတ်ပြန်ချက်အရ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားများထံမှ "နိုင်ငံခြားသား ပြန်လည်ပို့ဆောင်ရေး ရန်ပုံငွေ" ဟုဆိုကာ ရန်ပုံငွေ ထပ်မံကောက်ခံဦးမည်ဟု သိရသည်။

၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ (၁၃) ရက်တွင် တရားဝင်ထုတ်ပြန်ခဲ့သော "နိုင်ငံခြားသား အလုပ်သမားဥပဒေ" ၏ အခန်း(၂) အပိုဒ် (၂၉ မှ ၄၀) အရ အစိုးရပြန်တမ်း ထုတ်ပြန်ရေးဌာနမှ ထုတ်ပြန်မှုကို အလုပ်သမားဝန်ကြီးက လက်မှတ်ရေးထိုးခြင်းဖြစ်သည်။

သို့အတွက် ရွှေ့ပြောင်း အလုပ်သမားများသည် မှတ်ပုံတင်ကြေး၊ ဆေးစစ်ခ၊ ကျန်းမာရေးဝန်ဆောင်ခ၊ ယခုပြုလုပ်နေသော ယာယီနိုင်ငံကူးလက်မှတ်ခ၊ ပြည်ဝင်ခွင့်ဗီဇာကြေး၊ အလုပ်လုပ်ခွင့်ပါမစ်ကြေးတို့အပြင် ယခုရန်ပုံငွေကိုလည်း ပေးဆောင်ရတော့မည်ဖြစ်သည်။



Read more..
http://www.khitpyaing.org

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments