Fwd: Khitpyaing update 21/10/2010

Burma Campaign Japan | 4:57 AM | 0 comments


Khitpyaing update 21/10/2010

စစ်အစိုးရက နိုင်ငံတော်အလံအသစ် ပြောင်းလဲအသုံးပြု

နိုင်ငံတော်အလံသစ်ကို အစိုးရဌာနများနှင့် အခြားအဖွဲ့အစည်းများတွင် ယနေ့ ပြောင်းလဲတပ်ဆင်ကြပြီ ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ အတည်ပြုထားသော နိုင်ငံတော်အလံသစ် လွှင့်တင်ပွဲကို မြို့တော်ဝန် ဦးအောင်သိန်းလင်း ကိုယ်တိုင် တက်ရောက်၍ စစ်တီးဝိုင်း ဘင်ခရာအဖွဲ့များဖြင့် နိုင်ငံတော်သီချင်း တီးမှုတ်ကာ အခမ်းအနားဖြင့် ယနေ့ ညနေ (၃) နာရီကျော်တွင် ကျင်းပခဲ့ကြောင်း စည်ပင်သာယာ ဝန်ထမ်းတဦးက ပြောသည်။

မြို့တော်ခန်းမရှေ့တွင် အလံသစ်ကို လာရောက်ကြည့်ရှုသူတဦးက "အလံတော် အသစ်တင်တာတဲ့၊ မမြင်ဖူးလို့ ကြည့်တာပါ" ဟု ပြောသည်။

ပြောင်းလဲ အသုံးပြုသည့် နိုင်ငံတော်အလံသစ်တွင် သုံးရောင်ခြယ် အ၀ါ၊ အစိမ်းရင့်၊ အနီရောင် အလယ်၌ ကြယ်ဖြူတစ်လုံး ပါရှိသည်။

နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲ မတိုင်ခင် ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင် အသက်သွင်းရန် ကြိုတင်ပြင်ဆင်မှုတရပ်အနေဖြင့် နိုင်ငံတော်အလံ အပြင် နိုင်ငံတော်အထိမ်းအမှတ် တံဆိပ်နှင့် နိုင်ငံတော်သီချင်းတို့ကိုလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဖော်ပြချက်အတိုင်း စတင်အသုံးပြုသွားမည် ဖြစ်ကြောင်း ယနေ့ မွန်းလွဲပိုင်း စစ်အစိုးရရေဒီယိုမှ ကြေညာသွားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အထူးအယူခံ နောက်ဆုံးအဆင့် ကြားနာရန် လက်ခံ

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမတို့၏ နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှု ပြစ်ဒဏ်နှင့် ပတ်သက်၍ တင်ပြထားသည့် အထူးအယူခံကို နောက်ဆုံးအဆင့် ကြားနာရန် ရန်ကုန်တိုင်း တရားရုံးချုပ်က ယမန်နေ့က ဆုံးဖြတ်ချက် ချလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေ ဦးဉာဏ်ဝင်းက "ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံကို နောက်တဆင့် နေပြည်တော်မှာ အပြီးသတ် လျှောက်လဲချက် ပေးဖို့ ရန်ကုန် တရားရုံးချုပ်က ဆုံးဖြတ်လိုက်တာပါ။ ဒီအဆင့်က နောက်ဆုံးအဆင့် ဖြစ်တဲ့ တရားသူကြီး (၅) ဦး ထိုင်ပြီး ထပ်ကြားနာဖို့ ဆုံးဖြတ်ဖို့ ဖြစ်တယ်"ဟု ခေတ်ပြိုင်သို့ ပြောသည်။

ချမှတ်ထားသည့် ပြစ်ဒဏ်သည် လွဲချော်နေ၍ ပြင်ဆင်ပေးရန် ရန်ကုန်တိုင်း တရားရုံးချုပ်၌ ပြီးခဲ့သည့် တနင်္လာနေ့က ပထမအဆင့် လျှောက်လဲချက် ပေးခဲ့ရာမှ (၃) ဦးပါ တရားသူကြီးက အဆိုပါအမှုအတွက် နေပြည်တော် ဗဟိုတရားရုံးချုပ်၌ နောက်ဆုံးအဆင့် လျှောက်လဲချက် ကြားနာရန် လက်ခံလိုက်ခြင်း ဖြစ်သည်။

သို့သော် အဆိုပါအမှုအတွက် ကြားနာရန် နေ့ရက် သတ်မှတ်ခြင်း မရှိသေးကြောင်း ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

"ဒေါ်အောင်ဆန်းစုကြည်ဘက်က နိုင်မယ်ဆိုရင် နေအိမ်အကျယ်ချုပ်ကနေ ချက်ချင်း လွှတ်ပေးရမှာ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားတဲ့ ၁၉၇၄ ခုနှစ် ဥပဒေဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် ပယ်ဖျက်ထားပြီးသား ဖြစ်နေတယ်။ အသက်မဝင်တော့တဲ့ အဲဒီဥပဒေအတိုင်း အပြစ်ပေးတာ မမှန်ဘူး။ လွဲချော်နေတယ်ဆိုတာ အထောက်အထားတွေနဲ့ ကျနော်တို့ လျှောက်လဲချက် ပေးတာ ဖြစ်တယ်" ဟု ဦးဉာဏ်ဝင်းက ရှင်းပြသည်။

ရန်ကုန်တိုင်းတွင် လုံခြုံရေး ပိုချထား

ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် လုံခြုံရေး အတွင်းစည်း အပြင်စည်းများ ချထားကြောင်း ပြည်ထဲရေး (ရန်ကုန်ရုံး) မှ ရဲအရာထမ်းတဦးက ပြောသည်။

"အပြင်စည်း အတွင်းစည်း ဆိုတာကတော့ စစ်တပ်သုံးစကားပဲ။ အခုချတဲ့လုံခြုံရေးက ရဲရော၊ စစ်သားရော ချတာ။ အရင်ကဆို နေ့ဘက်မှာ ရဲလုံခြုံရေးချတာ။ အခုက ရွေးကောက်ပွဲမတိုင်ခင် ပြဿနာတွေဖြစ်မှာစိုးလို့ ရဲရော၊ စစ်သားရော လုံခြုံရေးချတာ။ တပ်မ(၇၇) ကလည်းပါတယ်" ဟု ၎င်းက ပြောသည်။

ညဘက်ထွက်သူများအား ယခင်ထက်စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း၌ မြောက်ဥက္ကလာပမြို့နယ်တွင် ညမထွက်ရ အမိန့်များထုတ်ပြန်ထားပြီး ဧည့်စာရင်းကို တင်းကျပ်စွာစစ်ဆေးကြောင်း မြောက်ဥက္ကလာပမြို့နယ် ခေမာသီလမ်းနေ ပြည်သူတဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရွှေပေါက္ကံမြို့နယ်၌ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ရွေးကောက်ပွဲဆန့်ကျင်ရေး စာရွက်စာတမ်းများ ဖြန့်ဝေသည့်ကျောင်းသားများ အဖမ်းခံရပြီးသည့်နောက် မြောက်ဥက္ကလာပမြို့နယ်ကို ညမထွက်ရအမိန့် ထုတ်ခဲ့ခြင်း ဖြစ်သည်။

တပ်တွင်းစစ်ရာထူး လျှို့ဝှက်ထား

မကြာသေးမီက စစ်တပ်အတွင်း ထိပ်ပိုင်းရာထူးရှိသူများကို အနားပေးခြင်း၊ ရာထူးအသစ် ခန့်အပ်ခဲ့ခြင်းများ ရှိခဲ့သော်လည်း အချို့စစ်ရာထူးများကို တပ်တွင်းလျှို့ဝှက်ထားဆဲ ဖြစ်ကြောင်း နေပြည်တော် စစ်ဌာနချုပ်မှ စစ်အရာရှိတဦးက ပြောကြားသည်။

"မူလက ထိပ်ပိုင်း စစ်ကောင်စီ အစည်းအဝေးလုပ်တယ်။ အဲဒီမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဗိုလ်ချုပ်ကြီး သူရရွှေမန်း အပါအဝင် အသက် (၅၅) နှစ်အထက် ထိပ်ပိုင်းတာဝန် ယူထားတဲ့ စစ်ခေါင်းဆောင်တွေကို စစ်ဘက်ရာထူးကနေ အနားယူပါ၊ သူနဲ့ ဒုဗိုလ်ချုပ်ကြီး မောင်အေးကတော့ တပ်မတော်ကို ထိန်းဖို့ စစ်ဘက်ရာထူးတွေကို ဆက်ပြီး ယူထားမှာ ဖြစ်ပေမယ့် ကာကွယ်ရေးဦးစီးချုပ်၊ ဒုချုပ်ရာထူးတွေကိုတော့ လွှဲပေးလိုက်မှာ ဖြစ်တယ်ဆိုပြီး ပြောဆိုညှိနှိုင်း အကောင်အထည် ဖော်ခဲ့ကြတယ်။ တရားဝင် ပြန်တမ်းတွေလည်း ထွက်ထားတယ်" ဟု အမည်မဖော်လိုသူ ယင်း စစ်အရာရှိက ပြောသည်။

၎င်းက "အဲဒီ ပြန်တမ်းတွေထဲမှာ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကို ကာကွယ်ရေး ဦးစီးချုပ်၊ ဗိုလ်ချုပ်ကြီး ကိုကို ကို ဒုကာကွယ်ရေး ဦးစီးချုပ် ဆိုပြီး အဲလို ပြန်တမ်း ထုတ်ထားတယ်။ ဒါပေမယ့် နောက်ပိုင်း ဗိုလ်ချုပ်မှူးကြီး တရုတ်ပြည်က ပြန်လာတဲ့အခါ စိတ်ပြောင်းသွားပြီး ဗိုလ်ချုပ်ကြီး သူရမြင့်အောင်နဲ့ ဗိုလ်ချုပ်ကြီးကိုကို တို့ကို အရံအင်အား (စစ်ရာထူးဆက်ခံမယ့်သူ) အဖြစ် ပြန်တမ်း ပြန်ထုတ်ပြီး နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာနမှာပဲ ရုံးထိုင် ထားခိုင်းလိုက်တယ်။ ဒါကြောင့် အဲဒီ နှစ်ယောက်ရဲ့ ရာထူးအမှန်ကို ထုတ်ပြန်ခြင်း မရှိတော့ဘဲ လျှို့ဝှက်ထားလိုက်တာ ဖြစ်တယ်" ဟု ရှင်းပြသည်။

အထွေထွေသပိတ် တိုက်ပွဲကြီး ဆင်နွှဲမည်

လာမည့်စနေနေ့၊ သီတင်းကျွတ်လပြည့်နေ့တွင် တိုင်းတခွင်လုံး၌ အထွေထွေသပိတ်ကြီး ဆင်နွဲမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အထွေထွေ သပိတ်ကော်မတီမှ တိုက်တွန်း နှိုးဆော်လိုက်သည်။

"၂၀၁၀ ရွေးကောက်ပွဲဟာ တရားမမျှတလို့ပါ၊ အခြေခံဥပဒေကိုလည်း မကြိုက်လို့ပါ။ လူ့အခွင့်အရေးလည်း လုံးဝမရှိတဲ့အတွက်ကြောင့်ပါ၊ ဒါကို ပြည်သူလူထုကလည်း သိပြီးသား ဖြစ်တဲ့အတွက်ကြောင့် အခုလို တက်ညီလက်ညီနဲ့ သပိတ်မှောက်ရခြင်း ဖြစ်ပါတယ်" ဟု ရန်ကုန်မြို့နေ မြန်မာနိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ် ကော်မတီဝင်တဦးက ခေတ်ပြိုင်သို့ ပြောသည်။

အဆိုပါ အထွေထွေသပိတ်ကော်မတီအား ယခုလ အောက်တိုဘာလ (၁၅) ရက်နေ့တွင် မြန်မာပြည်ရှိ တိုင်း (၆) တိုင်း၊ ပြည်နယ် (၄) ခုတို့မှ ကိုယ်စားလှယ်ပေါင်း (၂၁) ဦးတို့က ဦးဆောင်ကာ ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

အထွေထွေ သပိတ်ကော်မတီကို ပြည်သူလူထုတရပ်လုံး၏ စိတ်ဆန္ဒကို ဖြည့်ဆည်းရန်အလို့ဌာ ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။


Read more..
http://www.khitpyaing.org


Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments