Fwd: Khitpyaing update 22/10/2010

Burma Campaign Japan | 5:02 AM | 0 comments


Khitpyaing update 22/10/2010

ပြည်သူအများ ဘာမှ မသိဘဲ မဲပေးကြရမည်

လာမည့် နိုဝင်ဘာ (၇) ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်သူအများစုသည် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဘာမျှမသိဘဲ မဲပေးကြရမည့်အခြေအနေ ရှိကြောင်း ပြည်တွင်းမှ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများက သုံးသပ်ကြသည်။

ရန်ကုန်မြို့မှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ တဦးက "အဓိက ကတော့ ပြည်သူတွေအနေနဲ့ သတင်းအချက်အလက်တွေကို ဘယ်ကမှ လွယ်လွယ်ကူကူ မရကြဘူး။ ပြည်တွင်းထုတ် ဂျာနယ်တွေ ဝယ်ဖတ်ဖို့ဆိုတာ တစောင် ကျပ် (၅ဝဝ) ဆိုတော့ မတတ်နိုင်တဲ့သူများတယ်။ အဲဒီ ဂျာနယ်တွေထဲမှာလည်း သူတို့နဲ့ တိုက်ရိုက်ဆိုင်တဲ့ သတင်းအချက်အလက်တွေက သိပ်မပါဘူး။ နယ်က ပြည်သူတွေ ဆိုရင်တော့ ပိုဆိုးတယ်။ ဘာမှ မသိကြဘူး။ ဒီလိုနည်းနဲ့ ဘာမှမသိဘဲ မဲပေးတဲ့နေ့ရောက်ပြီး အစိုးရက ဖိအားပေးရင် မဲသွားပေးကြရတော့မယ်" ဟု ရှင်းပြသည်။

ဥပမာအားဖြင့် လှိုင်သာယာတွင် နေထိုင်သူတဦးဖြစ်သည်ဆိုပါက ပြည်သူ့လွှတ်တော်အတွက် လူ (၈) ယောက်ထဲမှ (၁) ဦး၊ အမျိုးသားလွှတ်တော်အတွက် လူ (၄) ယောက်ထဲမှ (၁) ဦး၊ ရန်ကုန်တိုင်း လွှတ်တော်အတွက် လူ (၄) ယောက်ထဲမှ (၁) ဦး စသဖြင့် လူ (၁၆) ယောက်ထဲမှ (၃) ဦးကို ရွေးချယ်မဲပေးရမည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ ရွေးချယ်ရာတွင် အဆိုပါသူများသည် မည်ကဲ့သို့လူများဖြစ်ကြောင်း သတင်းအချက်အလက်များကို မည်သည့်နေရာကမှ မရနိုင်သည့်အတွက် ဘာမျှမသိဖြစ်နေကြောင်း အဆိုပါ ရွေးကောက်ပွဲ လေ့လာသူတဦးက ပြောသည်။

ကြံဖွံ့ကို မဲပေးခိုင်းသော်လည်း မပေးလိုကြ

ရန်ကုန်မြို့တော်ဝန်က စည်ပင်ဝန်ထမ်းများအား ခြင်္သေ့အမှတ်တံဆိပ်ကိုသာ မဲပေးကြရန် တိုက်တွန်းပြောကြားနေသည်ဟု သိရသည်။

"မနေ့က ကျနော်တို့ စည်ပင်က ဌာနအလိုက် အရာရှိတွေကို ခေါ်တယ်။ ဌာနမှူး၊ ဒုဌာနမှူး၊ လက်ထောက်ဌာနမှူး၊ ဌာနစုမှူး အစရှိသဖြင့်ပေါ့။ စည်ပင်မှာရှိတဲ့ ဌာန (၂၀) မှာဆိုရင် အဲဒီလိုအရာရှိတွေက အများကြီးလေ၊ စုစုပေါင်းအယောက် (၃၀၀) လောက်ရှိတယ်။ အမျိုးသား အမျိုးသမီး အစုံပဲ၊ အားလုံးကို ပြောတယ်၊ ၀န်ထမ်းတွေအနေနဲ့ မဲပေးတဲ့အခါ ပြည်ခိုင်ဖြိုးကိုပဲ ပေးပါ ဆိုတာကို ပြောတယ်။ မြို့တော်ခန်းမ စီးတီးဟောခန်းမကြီးမှာ ခေါ်ပြောတာပါ" ဟုစည်ပင်သာယာမှ အကြီးတန်းစာရေးကြီးတဦးက ခေတ်ပြိုင်သို့ ပြောသည်။

မြို့တော်ဝန်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ပြည်ခိုင်ဖြိုး/ကြံ့ဖွံ့) ကိုမဲပေးကြရန် ၀န်အားများအား ခေါ်ယူပြောဆိုသော်လည်း မဲမပေးလိုသည့် ၀န်ထမ်းများ ရှိနေကြောင်းလည်း သိရသည်။

စည်ပင်မှ ဘတ်ဂျက်နှင့် ငွေစာရင်းဝန်ထမ်းတဦးက "သူကသာ သူ့ပါတီကို မဲပေးပါ ပြောနေတာ၊ သူက ၀န်ထမ်းတွေအပေါ်မှာ ဘယ်လောက်များ ကောင်းလို့လဲ၊ သိတတ်လို့လဲ၊ လူဆိုတာ မေတ္တာရောင်ပြန်ဟတ်တယ်၊ သူက ကိုယ့်ကိုမေတ္တာထားမှ ကျနော်တို့ကလည်း သူ့ကို မေတ္တာထားမှာပေါ့၊ အခုတော့ ရောင်ပြန်ပဲ" ဟု ပြောသည်။

ရန်ကုန်စည်ပင်တွင် ၀န်ထမ်းပေါင်း ထောင်နှင့်ချီရှိရာ ယင်းတို့အနေဖြင့် ကြံ့ဖွံ့ပါတီကို မဲပေးရန် သက်ဆိုင်ရာ ၀န်ထမ်းအရာရှိများ မှတဆင့် ပြောဆိုရန်လည်း မြို့တော်ဝန်က တိုက်တွန်းထားကြောင်း သိရသည်။

ဂီရိဆိုင်ကလုန်း ကျောက်ဖြူတွင် စတင်တိုက်ခတ်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီးမှ ဖြတ်ကာ ကုန်းတွင်းပိုင်းသို့ ၀င်ရောက်နေသော ဂီရိ ( GIRI ) ဆိုင်ကလုန်းမုန်တိုင်းသည် ယနေ့ မွန်းလွဲပိုင်းကျော်မှစတင်ကာ ကျောက်ဖြူမြို့ပေါ်တွင် တဖြည်းဖြည်းအရှိန်မြင့် တိုက်ခတ်နေပြီဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူမြို့သို့ ခေတ်ပြိုင်မှ ယနေ့ မွန်းလွဲ (၂) နာရီခွဲခန့်တွင် ဆက်သွယ်မေးမြန်းခဲ့ရာ မြို့ခံတဦးက " လေက တဖြည်းဖြည်းနဲ့တိုက်တာ ပြင်းလာတယ်၊ မိုးလည်း လိုက်လာတယ်၊ ကျနော်တို့လည်း မိုးလေ၀သကို အဆက်မပြတ် နားထောင်နေပါတယ်။ ကျနော်တို့ မြို့ကတော့ စစ်တွေမြို့ထက် ကုန်းမြင့်တဲ့အတွက် ဒီရေတက်မယ့် အနေအထားကတော့ စစ်တွေလို စိုးရိမ်စရာမလိုဘူး၊ ဒါပေမယ့်လည်း မုန်တိုင်းအားပြင်းမယ့်အချိန်ဟာ (၃) နာရီလောက်မှာလို့ ပြောတဲ့အတွက်တော့ နည်းနည်းစိုးရိမ်ရတယ်၊ ဒီရေက (၃) နာရီလောက်မှာ တက်မယ့်အချိန်နဲ့ တိုက်နေတယ်" ဟု ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေနှင့် ကျောက်ဖြူမြို့များတွင် မုန်တိုင်းသတိပေးချက်များကို အာဏာပိုင်များက အသံချဲ့စက်များဖြင့်လိုက်အော်နေကြောင်းလည်း ဒေသခံများက ပြောသည်။

"စစ်တွေမှာတော့ အော်နေတယ်၊ မုန်တိုင်းသတိပေးချက်ပေါ့။ ကျမတို့လည်း သတင်းတွေနားထောင်ပါတယ်။ အခြေအနေကတော့ မုန်တိုင်းက အခု တိုက်နေပြီ။ မိုးနဲ့လေနဲ့တော့ တော်တော်လေး သည်းလာတယ်လို့ ပြောရမှာပေါ့။ နောက်တော့ မသိသေးဘူး။ အားလုံးတော့ စိုးရိမ်ကြတယ်။ ဒါပေမယ့် မိုးလေ၀သက ပြောပြချက်တွေအရတော့ မိုင်က (၇၅) မိုင်လောက် ဆိုတော့ ကျမတို့အတွက်တော့ အများကြီး စိုးရိမ်ဖို့ မလိုဘူး။ ဒါပေမယ့် သတိတော့ ထားရမယ်" ဟု စစ်တွေ ကမ်းနားလမ်းတွင် နေသူတဦးက ပြောသည်။

မူးယစ်ဆေး နှိမ်နင်းမှု နအဖ မလိုလား

ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ပေါများလာနေပြီး ဒေသအတွင်းရှိ လူထု၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် နေထိုင်မှုဘဝတို့အပေါ် ဆိုးကျိုးများ သက်ရောက်နေသဖြင့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) က ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် ယခုလ (၁၆) ရက် မှစ၍ မူးယစ်ဆေးဝါး သယ်ယူ ရောင်းချ သုံးစွဲသူတို့အား ဖမ်းဆီးမှုများ ပြုလုပ်နေသည်။

ကေအိုင်အိုအဖွဲ့က ယခုလ (၅) ရက် ထုတ်ပြန်သည့် ကြေညာချက်တွင် အောက်တိုဘာ (၁၅) ရက် နောက်ဆုံးသတ်မှတ်ပြီး မူးယစ်ဆေး နှိမ်နင်းမှု ပြုလုပ်မည်ဖြစ်ကြောင်း၊ ထိရောက်သော ပြစ်ဒဏ်များ ပေးမည့်အကြောင်း တရုတ်၊ ကချင်၊ မြန်မာ( ၃) ဘာသာဖြင့် သတိပေးခဲ့ပြီး ဖြစ်သည်။

ကေအိုင်အိုအဖွဲ့က မူးယစ်ဆေးတားဆီးရေး ပညာပေးနှင့် သတိပေးတားမြစ်သော စာရွက်နှင့် စတစ်ကာများအား လိုင်ဇာမှနေ၍ ဗန်းမော်နှင့် မြစ်ကြီးနားမြို့သို့ ပြန်ထွက်မည့် မော်တော်ယာဉ်များ၌ ကပ်ထားသည်ကို လိုင်ဇာအထွက်တွင် နအဖ စစ်တပ်၊ ရဲ၊ လဝက ဝန်ထမ်းများထိုင်ရာ လဂျားယန် စစ်ဆေးရေးဂိတ်က ဖြုတ်ခိုင်းနေသည်ဟု ကားသမားတဦးက ပြောသည်။

၎င်းက "အဲဒီ မူးယစ်ဆေး တားဆီးရေးစာတွေကို လိုင်ဇာရောက်ရင် ကချင်ရဲဘော်တွေက လာကပ်သွားတယ်။ လိုင်ဇာအထွက် ဂိတ်ရောက်ရင် ဂိတ်က ပြန်ခွာခိုင်းတယ်။ ကိုယ်ကလည်း ဒီလမ်းကြောမှာ လုပ်စားနေရတော့ အလိုက်သင့် လုပ်နေရတာ။ အမှန်ကတော့ မူးယစ်ဆေးဝါး တားဆီးတာ၊ နှိမ်နင်းတာ အစိုးရကိုယ်တိုင် လုပ်ရမယ့်ဟာပဲ။ သူတို့မလုပ်တော့ ဟိုကလုပ်တာကို ဘာများ မကြိုက်သလဲ မသိဘူး" ဟု ပြောသည်။

Read more..
http://www.khitpyaing.org



Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments